HomeMyanmarဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာ မြန်မာနိုင်ငံ၏ သဘောထား အမြင်အား ဆွေးနွေးပြောကြား(၁၆-၉-၂၀၂၂ရက်)

ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာ မြန်မာနိုင်ငံ၏ သဘောထား အမြင်အား ဆွေးနွေးပြောကြား(၁၆-၉-၂၀၂၂ရက်)

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့ရှိ Vienna International Centre ၌ ၁၂-၉-၂၀၂၂ ရက်မှ ၁၆-၉-၂၀၂၂ ရက်အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ အုပ်ချုပ်မှုအဖွဲ့ (Board of Governors) အစည်းအဝေးပဉ္စမမြောက်နေ့ (၁၆-၉-၂၀၂၂ ရက်)တွင် နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာ မြန်မာနိုင်ငံ၏ သဘောထားအမြင်အား ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့အပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမှုမြှင့်တင်ရေးကို ထောက်ခံလျက်ရှိကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းရန်အတွက် နျူကလီးယားလက်နက်များနှင့် အခြားနျူကလီးယား ဖောက်ခွဲရေးပစ္စည်းများကို နျူကလီးယားလက်နက်နိုင်ငံများမှ နျူကလီးယားလက်နက် မရှိသော နိုင်ငံများသို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ လွှဲပြောင်းခြင်းမှ ရှောင်ကြဉ်ရန် အချက်၏အရေးပါမှုကို အလေးပေးဖော်ပြခဲ့ပြီး၊ နျူကလီးယားလက်နက်မပြန့်ပွားရေး ကိစ္စရပ်များတွင် IAEA နှင့် အစိုးရအချင်းချင်းဆွေးနွေးမှုလုပ်ငန်းစဉ်များ၏ အခန်းကဏ္ဍများကို ဆက်လက်ဆောင်ရွက်ရေးအပေါ် မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ထပ်လောင်း အတည်ပြုပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ် (NPT)၊ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု ဘက်စုံတားမြစ်ရေးစာချုပ် (CTBT)၊ နျူကလီးယားပစ္စည်းနှင့် နျူကလီးယားဆိုင်ရာ အထောက်အပံ့ပစ္စည်းများ၏ ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူ စာချုပ်(CPPNM)နှင့် ၎င်း၏ပြင်ဆင်ချက်၊ အရှေ့တောင်အာရှ နျူကလီးယား လက်နက် ကင်းမဲ့ဇုန်ဖော်ဆောင်ရေး စာချုပ်(SEANWFZ)တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ ထို့အပြင် နျူကလီးယားလက်နက်များ တားမြစ်ရေးသဘောတူစာချုပ်(TPNW)၊ အလုံးစုံ အကာအကွယ်ပေးရေး သဘောတူညီချက် (CSA) နှင့် NPT ၏ နောက်ဆက်တွဲစာချုပ် (Additional Protocol) တို့တွင်လည်း ပါဝင်လက်မှတ်ရေးထိုးထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် IAEA နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားဘေးကင်းလုံခြုံမှုနှင့် အကာအကွယ်ပေးမှုများကို မြှင့်တင်၍ ခိုင်မာအားကောင်း လာစေရေးနှင့် နျူကလီးယားနည်းပညာများကို ငြိမ်းချမ်းစွာအသုံးပြုရေးကဏ္ဍများတွင် အေဂျင်စီ၏ လုပ်ပိုင်ခွင့်များနှင့် ဆောင်ရွက်ချက်များအား အစဉ်ထောက်ခံပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
(၁၆-၉-၂၀၂၂ ရက်၊ ဗီယင်နာ) <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News